ဖေဖေ မေမေ ဖိုးဖိုး ဖွားဖွားတို့ရေ…
ရက်သားကလေးငယ်ရဲ့ အစာအိမ်က တော်တော်သေးပါတယ်… ဘယ်လောက်ထိသေးလဲဆိုရင် စပျစ်သီးခပ်ကြီးကြီးအရွယ်လောက်ပဲရှိပြီး အရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်ဆို ဗိုက်ပြည့်သွားတာပါပဲ… ဒီတော့ တခြားအရည်တွေတိုက်လို့ ကလေးအစာအိမ်သေးသေးလေးက ပြည့်နေရင်ကလေးက နို့ကောင်းကောင်းမစို့တော့ပါဘူး… အဲလိုဖြစ်ရင် ကြီးမားတဲ့ နောက်ဆက်တွဲအနေနဲ့ ပြဿနာ (၂) ခု ထပ်ပေါ်တတ်ပါတယ်…
(၁) မေမေရဲ့နို့တွေ တင်းလာမယ်… နို့တွေတင်းလာတဲ့အခါ ကလေးကို ကောင်းကောင်း နို့တိုက်လို့မရဘူး… အဲဒီတော့ မေမေ့နို့တွေက နာလာမယ်….
(၂) ကလေးက ကောင်းကောင်းနို့မစို့တော့တဲ့အခါ နို့ထွက်တာ နှောင့်နှေးလာမယ်၊ နို့ထွက်နည်းလာမယ်… သဘာဝအလျောက်ပုံမှန်ထွက်ရှိမှုနှုန်း မရှိသလို ဖြစ်လာမယ်… အဲဒီအခါ မေမေတွေနဲ့ မိသားစုဝင်တွေက မိခင်မှာ နို့မလုံလောက်ဖူးဆိုတဲ့အမြင်တွေ မြင်လာတော့တာပါပဲ… ဒီနေရာမှာ အထူးသတိပေးချင်တာက မိခင်နို့ဆိုတာ ကလေးများများစို့မှ မေမေ့ဆီက နို့များများ ထွက်လာတာပါ…
ကနဦးရက်တွေမှာ ကလေးတွေက မိခင်နို့ကို အကြိမ်ရေများများစို့ပေးရင် ကလေးက နို့ကိုဘယ်လိုစို့ရမယ်ဆိုတာ သင်ယူပြီးသား ဖြစ်လာပါတယ်…
မွေးကင်းစကလေးတွေကို မိခင်နို့မတိုက်ကျွေးခင် အရည်တွေ အဖတ်တွေ တိုက်ကျွေးတာအပြင် တခြားအန္တရာယ်တွေလည်း ရှိပါသေးတယ်… အဲဒါကတော့ ဇွန်း၊ နို့ဘူး၊ နို့ပုလင်းတွေ သုံးကြတာပါပဲ… ဇွန်းတွေကို သုံးရင် မွေးကင်းစကလေးငယ်တွေအတွက် သီးစေတဲ့ အန္တရာယ်၊ အဆုတ်နဲ့ဆိုင်တဲ့ ပြဿနာနဲ့ ကူးစက်မှု အန္တရာယ်တွေ ရတတ်ပါတယ်…. နို့ဘူး၊ နို့ပုလင်းတွေ သုံးရင် ကလေးရဲ့ဦးနှောက်က ပါးစပ်ကျယ်ကျယ် မဖွင့်ခိုင်းတော့ပါဘူး… ကလေးက လွယ်လွယ်စို့လို့ရတဲ့ နို့ဘူး၊ နို့ပုလင်းတွေကို ပိုကြိုက်လာပြီး အမေနို့ကို မစို့ချင်တော့ပါဘူး… နို့ဘူး၊ နို့ပုလင်းတွေကို တစ်ကြိမ်လောက် သုံးမိလိုက်တာနဲ့တင် ကလေးက အဲဒါကိုပဲ ကြိုက်သွားတတ်ပါတယ်… မွေးကင်းစ ကလေးတွေကို မိခင်နို့ မတိုင်ခင်အရည်တွေအဖတ်တွေ ကြိုကျွေးတဲ့အချက်ကြောင့် ကလေးက နို့မစို့ချင်တော့တာ၊ မိခင်က နို့ကို အောင်အောင်မြင်မြင် မတိုက်နိုင်တာတွေ ဖြစ်လာပြီး မေမေတွေက မိခင်နို့တိုက်ကျွေးတာတွေကို ရပ်ပစ်ကြတဲ့အထိ အဓိကအကြောင်းရင်းခံတစ်ရပ် ဖြစ်လာပါတော့တယ်…
ဒါဆိုရင် မိသားစုဝင်တွေက ဘာလို့ မွေးကင်းစကလေးတွေကို မိခင်နို့ မတိုက်ကျွေးခင် အခြားအရည်တွေအဖတ်တွေ ကျွေးနေကြသေးတာလဲဆိုတာ ပြန်လည်သုံးသပ်ဖို့ လိုအပ်လာပါတယ်…လူအများကျင့်သုံးနေကြတိုင်း အဲဒါက မှန်တယ်လို့ ပြောလို့မရပါဘူး….တချို့နေရာတွေမှာ ပျားရည်က ကလေးတွေရဲ့ ကျန်းမာရေးအတွက် ကောင်းတယ်လို့ ယုံကြည်ကြတယ်… တကယ်တော့ပျားရည်က ကလေးတွေကို ပြင်းပြင်းထန်ထန် မကျန်းမမာဖြစ်စေနိုင်သလို သေဆုံးသည်အထိဖြစ်စေနိုင်ပါတယ်… တခြားမှားယွင်းတဲ့ ယုံကြည်ချက် တစ်ခုရှိပါသေးတယ်… အဲ့ဒါကတော့ နို့ဦးရည်နဲ့ ပတ်သက်တာပါ…နို့ဦးရည်က ကလေးတွေအတွက် မကောင်းဘူး၊ ကလေးတွေကို ရေငတ်စေတယ်၊ရေဓါတ်လိုတယ် စသည်ဖြင့် ယုံကြည်ကြတာပါ.. အမှန်တော့ ဒါတွေဟာ မှားယွင်းတဲ့ ယုံကြည်မှုတွေပါပဲ…
အချုပ်ပြောရမယ်ဆိုရင် ကလေးလေးရဲ့ သေးငယ်တဲ့ အစာအိမ်အတွက် မိခင်နို့ဦးရည်သည်သာ အကောင်းဆုံးဖြစ်ပါတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။