|

ဘယ်အသက်အရွယ် ရောက်ရင် မိခင်နို့အပြင် ဖြည့်စွက်စာတွေ စကျွေးရမလဲ

ဒီမေးခွန်းရဲ့ အဖြေကို အားလုံးသိကြပြီးသားဖြစ်မှာပါ။ ဟုတ်ပါတယ်။ အသက် (၆) လမှာ ဖြည့်စွက်စာ စကျွေးရပါမယ်။ ဘာကြောင့်လဲ။ ဒီမေးခွန်းကတော့ ကျန်းမာရေးဗဟုသုတ လိုက်စားတဲ့ ဖေဖေမေမေတွေ အတွက်တော့ ခက်တဲ့ မေးခွန်းမဟုတ်ပါဘူး။ ဒါပေမယ့် ကလေးတော်တော်များများဟာ သူတို့အသက် (၆) လ မပြည့်ခင်မှာ မိခင်နို့မဟုတ်တဲ့ အစားအစာ တစ်မျိုးမျိုးကို ကျွေးတာကိုခံရပါတယ်။ အမှန်တော့ လူကြီးတွေက ချစ်လို့ ကျွေးကြတာပါ။ ဒါပေမယ့် အကျိုးအကြောင်းအဆိုးအကောင်းကို မသိတော့ ချစ်ရာမရောက်ပဲ ကလေးအတွက် အန္တရာယ်ကျရောက်စေတဲ့ အခြေအနေမျိုးတွေကို ဖန်တီးပေးသလိုဖြစ်သွားတတ်ပါတယ်။

မိခင်တွေ ဖွဲ့ထားတဲ့ Facebook Group လိုနေရာမျိုးတွေမှာ မေမေတွေ သူတို့ရဲ့ (၂) လ (၃) လအရွယ် ဘေဘီလေးတွေကို ထမင်းခွံ့နေတဲ့ပုံလေးတွေ၊ အခြား အာဟာရမှုန့်တွေ baby food တွေကို ကျွေးနေတဲ့ပုံလေးတွေကို တမြတ်တနိုးနဲ့ “ သားသား အသက် (၂) လ ပြည့်ပါပြီ။ ဒီနေ့ မန်မန် စစားပါတယ်။ ချစ်ပေးကြပါဦးနော်။” စသည့်ဖြင့် တင်တာကို မကြာခဏ တွေ့ရဘူးပါတယ်။ အဲဒီပုံလေးတွေအောက်မှာ တစ်ချို့ ကျန်းမာရေးဗဟုသုတရှိတဲ့ မေမေတွေက “ စစ်ရေ ကလေးကို အသက် (၆) လ ပြည့်မှ ကျွေးရတယ်။ ကလေး အစာမကျေပဲနေမှာပေါ့။ (၆) လအထိ မိခင်နို့တစ်မျိုးတည်းပဲ တိုက်ပါနော်။” စသည်ဖြင့် ကွန်မန့်လေးတွေ ရေးတာ တွေ့ရတတ်ပါတယ်။ တစ်ခါတစ်လေ ပို့စ်ပိုင်ရှင် မေမေက အဲလို အမှန်ပြင်ပေးတဲ့ မေမေကို ပြန်ရန်တွေ့တာမျိုးတောင်တွေ့ဘူးပါတယ်။ တွေ့ရဘူးတဲ့ ရန်တွေ့သံတစ်ခုက “ကိုယ့်ကလေးကိုယ်ကျွေးတာ ဘာဖြစ်လဲ။ ကျွန်မငယ်ငယ်တုန်းကလည်း (၁) လ တည်းက ထမင်းစားလာတာ။ ခုထိ အကောင်းကြီးပဲ။” ဆိုတာမျိုးပါ။ တကယ်တော့ မကောင်းပါ။ အဲဒီလို နည်းစနစ်အမှားတွေနဲ့ ကျွေးမွေးကြလို့ မြန်မာနိုင်ငံရဲ့ (၅) နှစ်အောက် ကလေးတွေ့ရဲ့ (၃) ပုံ (၁) ပုံနီးပါးဟာ အာဟာရချို့ တဲ့နေတယ်ဆိုတာကို တွေ့ရှိထားပြီးဖြစ်ပါတယ်။

အဲဒီတော့ ဖြည့်စွက်စာကို စနစ်တကျကျွေးသင့်တဲ့အကြောင်း ကိုဆက်ပြောပါမယ်။ ကလေးကို အသက် (၆) လပြည့်မှ မိခင်နို့အပြင် ထပ်ဆောင်း ဖြည့်စွက်စာတွေကို စကျွေးပါ။ ဘာကြောင့်လဲဆိုရင် မိခင်နို့တိုက်ကျွေးတဲ့ ကလေးတွေမှာဆိုရင် အသက် (၆) လ မပြည့်ခင်အထိ မိခင်နို့ကနေ အင်အားဓါတ်တွေ၊ အာဟာရဓါတ်တွေကို ကလေးလိုအပ်သလောက် အပြည့်အ၀ ရနေလို့ပါ။ ဒါပေမယ့် အသက် (၆) လကျော်ပြီဆိုတာနဲ့ မိခင်နို့တစ်မျိုးတည်းဟာ ကလေးအတွက် မလုံလောက်တော့ပါဘူး။ မိခင်နို့က မကောင်းတော့လို့မဟုတ်ပါဘူး။ ကလေးအသက်ကြီးလာတာနဲ့ မိခင်နို့မှာပါဝင်တဲ့ အာဟာရဓါတ်အချိုးအစားပြောင်းလဲလာတာ မှန်ပေမယ့် မိခင်နို့ဟာ ကလေးဘယ်အသက်ရောက်ရောက် ကလေးအတွက် သင့်တော်ပါတယ်။ တချို့က ပြောကြပါတယ်။ မိခင်နို့က ကလေးအသက် (၆) လ ကျော်ရင် မကောင်းတော့ဘူးလို့။ ဒါဟာ သိပ်ကို ဝမ်းနည်းစရာကောင်းတဲ့ လွဲမှားတဲ့ အယူအဆဖြစ်ပါတယ်။ မိခင်နို့မှာ အာဟာရဓါတ်တွေအပြင် အခြားဘယ်နေရာမှာမှ မရနိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ဓါတ်တွေ ပါဝင်နေတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization) က မိခင်နို့ကို ကလေးအသက် (၂) နှစ်ကျော်သည်အထိ (ဘယ်တော့နို့ဖြတ်ရမယ်ဆိုတာ မရှိပါဘူး။ ကလေးနဲ့ မိခင်ဆန္ဒရှိသ၍ မိခင်နို့ဆက်တိုက်လို့ရပါတယ်။) တိုက်ကျွေးဖို့ တိုက်တွန်းနှိုးဆော်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးက အသက် (၆) လ ကျော်လာရင်တော့ မိခင်နို့တစ်မျိုးတည်းနဲ့ မလုံလောက်တော့ပါဘူး။ ကလေးက အသက်ပိုကြီးလာတာနဲ့အမျှ အာဟာရလိုအပ်ချက်တွေ ပိုများလာပါတယ်။ ဒါကြောင့် မိခင်နို့နဲ့မဖြည့်ဆည်းနိုင်တော့တဲ့ အာဟာရဓါတ်တွေကို ဖြည့်စွက်စာက အာဟာရတွေနဲ့ အပြည့်အဝရအောင် ဖြည့်စွက်ပေးတာပါ။ ဖြည့်စွက်စာပါ။ အင်္ဂလိပ်လို Complementary Food ပါ။ ထပ်ဖြည့်တာပါ။ နို့ဖြတ်စာ မဟုတ်ပါဘူး။

နောက်ပြီးကလေးမှာလည်း အစားစာဖို့လိုအပ်တဲ့အခြေအနေတွေဟာ အသက် (၆) လ လောက်မှာ အဆင်သင့်ဖြစ်နေတတ်ပါတယ်။ ကလေးက သူ့ရဲ့ဦခေါင်းနှင့် လည်ပင်းကို ကောင်းကောင်း ထိန်းနိုင်ပြီး၊ သူ့ကို ကူညီပေးမယ်ဆိုရင် မတ်မတ် ထိုင်နိုင်ပါပြီ။ စားစရာများအပေါ် စိတ်ဝင်စားမှု ရှိလာပါတယ်။ (လက်စုပ်တာနဲ့ အစာစိတ်ဝင်စားတာ မတူပါ) ဥပမာ လူကြီးအစားစားနေတယ်ဆိုရင် ပန်းကန်ထဲမှရှိတဲ့ စားစရာတွေကို စိတ်ဝင်စားပုံပြတာမျိုး၊ လူကြီးရဲ့စားစရာများကို လိုချင်ပုံပြတာမျိုးပါ။ ဇွန်းလေးနဲ့ စားစရာကျွေးပါပြီဆို ပါးစပ်ကို ဖွင့်ပေးတတ်ပါပြီ။ ကလေးအများစုသည် ဒီလိုလက္ခဏာတွေကို အသက် (၆)လ ဝန်းကျင်ခန့်တွင် ပြတတ်ပါတယ်။

ဒါအပြင် ကလေးရဲ့ အစာချေစနစ်ဟာလည်း အစာပျော့ပျဲပျဲလေးတွေကိုခြေဖျက်နိုင်စွမ်းရှိပါပြီ။ မတ်မတ်လေးထိုင်နိုင်ပြီမို့ အစာနင် (သီး)မယ့် အန္တရာယ်လည်း လျှော့နည်းလာပါပြီ။ ကလေးကိုအစာကျွေးရင် ပက်လက်မကျွေးသင့်ပါဘူး။ ဒါဟာရှောင်ရမယ့် အချက်ပါ။ ကလေးသေးသေးလေးတွေကို ပက်လက်ကလေးနဲ့ အစာတွေ ကျွေးနေတာကို အပြင်မှာဖြစ်စေ၊ Facebook မှာဖြစ်စေ တွေ့ရရင် အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်။

ကလေးကို (၆) ထက်စောပြီးအစာကျွေးရင်ဘာဖြစ်မလဲ။ ပထမဆုံးကတော့ မိခင်နို့ကနေရမယ့် ပြည့်စုံမျှတတဲ့ အာဟာရဓါတ်နဲ့ ရောဂါကာကွယ်စေတဲ့ဓါတ်တွေမရနိုင်တော့ပါဘူး။ (၆)လ မပြည့်ခင်ကျွေးလေ့ရှိတဲ့အစာကလည်း များသောအားဖြင့် ထမင်းတစ်မျိုးပဲဖြစ်လေ့ရှိတာကြောင့် ကစီဓါတ် (အင်အားဓါတ်) ပဲရမှာပါ။ ကျန်တဲ့အာဟာရအုပ်စုတွေ မရပါဘူး။ ပြီးရင် ရောဂါကာကွယ်စေတဲ့ဓါတ်တွေ မရတော့တဲ့အတွက် ကလေးဟာ ချူချာပါမယ်။ နေမကောင်းမကြာခဏဖြစ်ပါမယ်။ အစားအစာက မသန့်ရှင်းရင် ဝမ်းလျှောဝမ်းပျက် ဖြစ်ပါမယ်။ အသက်အန္တရာယ်ရှိပါတယ်။ ကိုယ်ခံအားမကောင်းတဲ့အတွက် ရောဂါပေါင်းစုံ ဝင်လွယ်ပါတယ်။ ဒါကြောင့် ကလေးဟာ အာဟာရချို့တဲ့၊ မကျန်းမမာဖြစ်ပြီး ကိုယ်ခန္ဓာဖွံ့ဖြိုးမှုရော၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုပါ အားနည်းပါမယ်။ ဘယ်သူမှကိုယ့်ကလေးကို ဒီလိုအခြေအနေမျိုး အဖြစ်မခံချင်ပါဘူး။

ကောင်းပါပြီ။ အသက် (၆) လထက် နောက်ကျပြီးမှ ဖြည့်စွက်စာကျွေးရင်ရော။ အထက်မှာ ပြောခဲ့ပြီးပါပြီ။ ကလေး အသက် (၆)လ ကျော်ရင် မိခင်နို့ကနေ ကလေးလိုအပ်တဲ့အာဟာရဓါတ် ပြည့်မီအောင် မပေးနိုင်တော့ပါဘူး။ ဒါကြောင့် ဖြည့်စွက်စာကရမယ့် အာဟာရတွေနဲ့ ထပ်ဖြည့်ဖို့လိုပါမယ်။ လိုတာကို ဖြည့်မပေးရင် အာဟာရချို့တဲ့ပါမယ်။ အာဟာရချို့တဲ့ရင် ကိုယ်ခံအားနည်းပြီး နေမကောင်းဖြစ်ပါမယ်။ ဖွံ့ဖြိုးမှုတွေ နှေးသွားပါမယ်။ ဒါကြောင့်မို့လို့ ကလေးတွကို သူတို့ရဲ့ အသက်အရွယ်အလိုက် သင့်တော်တဲ့ စနစ်တကျ အစာကျွေးမွေးမှုပုံစံတွေနဲ့ ပြုစုစောင့်ရှောက်ပေးမှသာ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်နိုင်မှာပါ။ အခု ပိုစ်မှာ ဘာကြောင့် (၆) လမှာ အစာစကျွေးသင့်တာလဲဆိုတဲ့ မေးခွန်းကိုပဲ ဆွေးနွေးရသေးတာပါ။ ကျန်တဲ့ ဖြည့်စွက်စာကျွေးခြင်းနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ဆက်လက်ဆွေးနွေးပေးသွားပါမယ်။

Similar Posts

  • က​လေးတွေကို ​ရေနဲ့ နွားနို့ ဘယ်​လောက် တိုက်ရမလဲ

    အားလုံးပဲ မင်္ဂလာပါ။ အခုတစ်လော Healthy and Happy Families Facebook Page ကနေ အန်တီသဲလ်မာနဲ့ Live အမေးအဖြေလေးတွေလုပ်ဖြစ်တော့ မေးလာတဲ့မေးခွန်းတွေထဲမှာ အမေးများတဲ့ မေးခွန်းတစ်ခုက ရေတိုက်တဲ့အကြောင်းရယ်၊ နို့မှုန့်တိုက်တဲ့အကြောင်းရယ်ပါ။ ဒါကြောင့် လွန်ခဲ့တဲ့လအနည်းငယ်က တင်ထားတဲ့ အကြောင်းအရာလေးတစ်ခုကို ပိုမို ဆီလျော်အောင် ပြန်ရေးပြီး ထပ်မံမျှဝေပေးလိုက်ပါတယ်။ အကြောင်းအရာက ကလေးကိုဘယ်လိုအရည်တွေတိုက်လို့ရလဲ ဆိုတာပဲဖြစ်ပါတယ်။ တကယ်တော့ က‌လေးငယ်တွေကို တိုက်လို့ရတဲ့ သိပ္ပံနည်းကျ အထောက်အထားခိုင်မတဲ့ အရည်မျိုးအစားက သိပ်အများကြီးမရှိပါဘူး။ ကလေးတွေကိုတိုက်ရတဲ့အရည်များ နံပါတ် (၁) ကတော့ မိခင်နို့ပါ။ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ဖို့လိုပါတယ်။နံပါတ် (၂) ကတော့ သန့်ရှင်းတဲ့ သောက်ရေပါ။ ရေကိုတော့ အသက် (၆) လ ပြည့်တာနဲ့ တိုက်နိုင်ပါပြီ။နံပါတ် (၃) ကတော့ နွားနို့ပါ။ နွားနို့ကိုတော့ ကလေးအသက်…

  • ကလေးကို အစာဝါးကျွေးသင့်သလား

    အစာကောင်းကောင်း မဝါးနိုင်သေးတဲ့ကလေးတွေကို လူကြီးတွေက ကိုယ်တိုင်ဝါးပြီး ကျွေးပေးတတ်ပါတယ်။ များသောအားဖြင့် မိခင်/ အနီးကပ်ဆွေမျိုးသားချင်းတွေ/ ကလေးထိန်းတွေက ကလေးကို ဖြည့်စွက်စာစကျွေးတဲ့အချိန်မှာ ဒါမျိုးလုပ်ပေးလေ့ရှိပါတယ်။ ပါးစပ်ထဲမှာဝါးလိုက်တဲ့ အစာဟာ တံတွေးကြောင့် အစာလုံးဖြစ်သွားပြီး အဲဒါကို ဇွန်းထဲထည့်ကျွေးခြင်း၊ လက်နဲ့ခွံ့ကျွေးတာမျိုးတွေ လုပ်တတ်ကြပါတယ်။ (Blender) ဘလန်ဒါလို့ခေါ်တဲ့ အစာကြိတ်စက် အသုံးမပြုသူ တော်တော်များများက ဒီလိုဝါးကျွေးတဲ့ နည်းလမ်းကို ယခင်က အသုံးပြုကြပါတယ်။ အမှန်တကယ်တော့ ကလေးငယ်ကို ကျွေးမယ့်အစားအစာတွေကို ကြိတ်ပြီး ဒါမှမဟုတ် နူးညံ့သွားအောင် ပြုတ်ပြီး ဇွန်းနဲ့ ခြေပြီး ကျွေးနိုင်ပါတယ်။ ဝါးမကျွေးသင့်ပါဘူး။ ကလေးကို ထမင်းအပါအဝင် အစာတွေဝါးကျွေးရင် ဝါးပေးတဲ့သူရဲ့ ခံတွင်းမှာ ရှိနေတဲ့ ရောဂါပိုးမွှားတွေဟာ နုနယ်လွန်းတဲ့ ကလေးဆီ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးမွှားဆိုတဲ့အထဲမှာ မြင်ရတဲ့ (ပါးစပ်နားမှာ ပေါက်နေတဲ့)ရေယုန်ကအစ မမြင်ရတဲ့ ခံတွင်းအတွင်းမှာနေနေတဲ့…

  • |

    နို့တိုက်မိခင်တွေအနေနဲ့ အချဉ်အစပ်တွေစားရင် ကလေးဝမ်းသွားနိုင်ပါသလား

    မေမေတို့နို့တိုက်မိခင်တွေအနေနဲ့ အချဉ်အစပ်တွေစားရင် ကလေးဝမ်းသွားနိုင်ပါသလား မဖြစ်ပါဘူး။မေမေတို့စားလိုက်တဲ့ အချဉ်အစပ်တွေဟာ မေမေတို့နို့ထဲကိုမရောက်နိုင်လို့ ကလေးတွေကိုဝမ်းလျှေတာာမဖြစ်စေပါဘူး။ ကလေးတွေကိုဝမ်းလျှောစေတဲ့အကြောင်းက သန့်ရှင်းမှုအားနည်းလို့ ရောဂါပိုးဝင်ရောက်ခြင်းကြောင့်ဖြစ်ရတာပါ။ ဥပမာ-အိမ်သာသွားပြီးတိုင်း လက်မဆေးတာ၊ အစာမစားခင် လက်မဆေးတာ၊ နို့ဗူးတွေ ဆေးကြောတာသိမ်းဆည်းတာတွေ မသန့်ရှင်းတာ၊ တချို့ မိခင်နို့အစားထိုးပစ္စည်း (နို့မှုန့်) မသန့်ရှင်းတာတွေကြောင့် ဝမ်းလျှောတာ ဖြစ်တတ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

  • ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်အလေးချိန်ဘယ်လောက်တက်သင့်သလဲ

    🤰 ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အလေးချိန်တက်တာ (Pregnancy Weight Gain) က မိခင်နဲ့ သားအတွက် ကျန်းမာရေးအတွက် အရေးကြီးပါတယ်။တက်သင့်တဲ့အလေးချိန်က မိခင်ရဲ့ ကိုယ်ဝန်မဆောင်မီ အလေးချိန်/ BMI အပေါ် မူတည်ပါတယ်။ မိမိရဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုယ်အလေးချိန် ဘယ်လောက်အထိ တက်သင့်သလဲဆိုတာကို တွက်ချက်နိုင်ဖို့အတွက်ဆိုရင် ကိုယ်ဝန်မရှိမီကာလက ကိုယ်အလေးချိန်နဲ့ မိမိရဲ့ အရပ်ကို အသုံးပြုပြီး BMI ကိုတွက်ချက်ရပါမယ်။​  BMI (Body Mass Index – ခန္ဓာကိုယ်အရွယ်အစားအညွှန်းကိန်း) ဆိုတာက လူကြီးတွေအတွက် ခန္ဓာကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို တွက်ချက်ပြီး ကျန်းမာရေးအခြေအနေကို ခန့်မှန်းဖော်ထုတ်တဲ့ နည်းလမ်းတစ်ခုပါ။ 🔢 ဘယ်လိုတွက်လဲ။BMI = အလေးချိန် (ကီလိုဂရမ်) ➗ (အရပ်အမြင့် မီတာဖြင့်)²ဥပမာ – 70 kg ကို 1.65…

  • COVID-19 နှင့် မိခင်နို့တိုက်ကျွေးခြင်း

    အောက်ပါအမေးအဖြေများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အာဟာရပညာရှင်များမှ ပြုစု ထားသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားနေစဉ်ကာလအတွင်း မိခင်နို့တိုက်ကျွေး ခြင်းဆိုင်ရာ အမေးအဖြေကဏ္ဍကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ (National Nutrition Centre/NNC) မှ ဘာသာပြန်၍ တင်ပြထားခြင်းအား ကူးယူဖော်ပြပေးထားခြင်းဖြစ်ပါသည်။​ မေး။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဟာ မေမေတို့ရဲ့ နို့ရည်ကတစ်ဆင့် သားသားမီးမီးတို့ကို ကူးစက်နိုင်ပါသလား? ဖြေ။ အခုအချိန်ထိတော့ မေမေတို့ရဲ့ နို့ရည်ထဲကတစ်ဆင့် (ဒါမှမဟုတ်မေမေ့နို့တိုက်လို့ သားသားမီးမီးတို့ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်နိုင်တယ်ဆိုတဲ့ အထောက်အထားများ မတွေ့ရှိသေးပါဘူး။ ဒါကြောင့် … ရင်သွေးငယ်များအတွက် အကောင်းဆုံးအာဟာရလည်းဖြစ် ၊ ရောဂါကာကွယ်တဲ့ဓာတ်တွေလည်းပါဝင်တဲ့ မိခင်နို့ ချိုကို အခုလို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်းမှာ သားသားမီးမီးတို့ကို ဆက်တိုက်ဖြစ်အောင် တိုက်ရမှာဖြစ်ပါတယ်။ မေး။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အဖြစ်များနေတဲ့ မြို့နယ်၊ ရပ်ကွက်အတွင်းမှာ…

Leave a Reply

Your email address will not be published. Required fields are marked *