|

မိခင်နို့နှင့် နို့မှုန့် (Formula Milk) တို့ရဲ့ ကွာခြားချက်

မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ စာနည်းနည်းလေးရှည်မှာမို့ စိတ်ရှည်ရှည်လေးထားပြီး ဖတ်ပေးပါနော်… ဒီနေ့မျှဝေချင်တာက မိခင်နို့ရည်နဲ့ နို့မှုန့်အကြောင်းပါ… ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ နို့မှုန့်တွေကို မိခင်နို့အစားထိုးပစ္စည်း (Breastmilk Substitute) လို့ခေါ်ပါတယ်… ဒါကြောင့် အချို့ယုံကြည်ကြသလို မိခင်နို့နဲ့ မိခင်နို့အစားထိုး နို့မှုန့်တွေက အတူတူဘဲလို့ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး…. နို့မှုန့် ကုမ္ပဏီ (ဖော်မြူလာကုမ္ပဏီ) တွေက အရှိန်အဟုန်မြှင့်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ဈေးကွက်ရှာတာတွေ၊ အားကောင်းတဲ့ ကြော်ငြာတွေကြောင့် ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ ကျန်းမာရေးပညာရှင်များအပါအဝင် လူအများစုက နို့မှုန့်တွေသည် မိခင်နို့ရည်နှင့်တန်းတူ ဒါမှမဟုတ် ပိုကောင်း တယ်လို့ ယုံကြည်လာကြတော့တာပါပဲ… ဒါပေမယ့် ဒါဟာ အမှန်တရား မဟုတ်ပါဘူး…


ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောတာကတော့ ကလေးမွေးဖွား စဉ်ကနေ ၆ လ အထိ မိခင်နို့တစ်မျိုးတည်းသာတိုက်ပြီး ကလေးအသက် ၂ နှစ်နဲ့ ၂ နှစ်ကျော်တဲ့အထိဖြည့်စွက်စာ များနဲ့အတူ မိခင်နို့ကို ဆက်တိုက်သွားမယ်ဆိုရင် ကလေးအတွက် အကောင်းဆုံးပါပဲ….


မိခင်က ဘယ်လိုမှ မိခင်နို့တိုက်ကျွေးဖို့ မဖြစ်နိုင်တဲ့အခြေအနေနဲ့ အခြားရွေးချယ်စရာ နည်းလမ်းမရှိတော့မှသာ နို့မှုန့်တိုက်တဲ့ ကိစ္စကို ရွေးချယ်သင့်တယ်လို့ အကြံပြုပါရစေ…
မိခင်တိုင်း ကိုယ့်ကလေးကို ကိုယ်ဘာတိုက်ချင်လဲဆိုတာ ရွေးချယ်ဖို့အခွင့်အရေး ရှိပါတယ်… ဒါပေမယ့် မှန်ကန်တဲ့ သတင်းအချက်အလက်တွေအပေါ်အခြေခံပြီး ရွေးချယ်တဲ့ ‘အဆိုးအကောင်းသိပြီးမှ ရွေးချယ်မှု – Informed Choice’ ဖြစ်ရန်လိုပါတယ်… မိဘတွေက မိသားစု၊ သူငယ်ချင်းတွေ၊ လူမှုကွန်ယက်တွေ၊ ကြော်ငြာတွေ ဆီကနေ မမှန်ကန်တဲ့ သတင်းအရင်းမြစ်တွေ ကိုနားထောင်မိတဲ့အခါ သူတို့အတွက် သတင်းမှန်တွေ၊ အချက်အလက်မှန်တွေရမှာ မဟုတ်ဘူးပါဘူး… မိဘအများစုက သူတို့ကလေးတွေကို မိခင်နို့တိုက်ချင်ပေမယ့် နို့မှုန့်တိုက်ဖို့ အခြေအနေတွေကို တွန်းပို့ခံရတာတွေ ရှိတတ်ပါတယ်….


နို့မှုန့်ဆိုတာပေါ်လာတဲ့ အကြောင်းလေးကို ဆက်ပြီး မျှဝေပေးပါရစေ… နို့မှုန့်ဆိုတာတွေကို ၁၈၆၅ ခုနှစ်က ဓါတုဗေဒပညာရှင်တစ်ယောက်က စပြီးတီထွင်ခဲ့တာပါ… သူက မိခင်နို့ရဲ့ အာဟာရနဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ဘာဆိုဘာမှ သိနေခဲ့တာ မဟုတ်ပါဘူး… သူက ဒါကိုတီထွင်နိုင်ဖို့ နွားရဲ့နို့ရယ်၊ ဂျုံရယ်၊ မုယောစပါးရယ်၊ ကလေးတွေနဲ့ ဓါတ်မတဲ့တဲ့ အစားအစာတွေကိုတောင် အသုံးပြုခဲ့တယ်…. သိပ္ပံပညာရှင်တွေအတွက်တော့ ဒါက ကလေးတွေကျန်းမာရေးအတွက်ရည်ရွယ်ပြီး မိဘတွေအနေနဲ့ ငွေကြေးအကုန်အကျခံသုံးစွဲရာကနေ အကျိုးအမြတ်များစေနိုင်တဲ့ စမ်းသပ်ချက်တစ်ခု ဖြစ်လာတော့တာပါပဲ… အစောပိုင်းက ထုတ်လုပ်ခဲ့တဲ့ အဲဒီ မိခင်နို့အစားထိုး နို့မှုန့်အများစုဟာ ကလေးတွေကို သေဆုံးစေခဲ့သလို အာဟာရချို့တဲ့မှုတွေကို ဖြစ်ပေါ်စေခဲ့တာဟာ ၁၉၅၀ ပြည့်နှစ်များကစခဲ့ပြီး ယနေ့အထိတိုင်အောင်ပါပဲ…


ဥပမာပြောရရင် ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘောဒီးယားနိုင်ငံမှာ ရှိတဲ့ ကလေးတော်တော်များများက အပြင်းအထန် နေမကောင်းဖြစ်လာခဲ့ကြပါတယ်… ဒီလိုနဲ့ စစ်ဆေးကြည့်တဲ့အခါ သူတို့ကို တိုက်တဲ့ နို့မှုန့်တံဆိပ် တစ်မျိုးမှာ သံဓါတ်နဲ့ သွပ်ဓါတ်လုံလုံလောက်လောက်ပါမနေဘူးဆိုတာ တွေ့လိုက်ရပါတယ်… ဒီကလေးလေးတွေဟာ ပြင်းထန်တဲ့သွေးအားနည်းရောဂါတွေ ဆက်ဖြစ်ပြီး ဆေးရုံတက်ရ၊ သွေးသွင်းရတာတွေအထိ ဖြစ်လာ ခဲ့ပါတယ်… ကလေးဘဝမှာ သွေးအားနည်းရောဂါကို ပြင်းပြင်းထန်ထန်ဖြစ်ဖူးခဲ့ရင် ဦးနှောက်ကို ထိခိုက်စေပြီး သင်ယူမှုနှောင့်နှေးစေနိုင်ပါတယ်… ဒီအမှတ်တံဆိပ်က မြန်မာနိုင်ငံမှာ ရောင်းနေတုန်းပဲဆိုတာ သိထားရပါတယ်… တစ်ခုခုက သေသေသပ်သပ် လှလှပပလေး ထုတ်ပိုးထားတဲ့ ဘူးထဲမှာရှိနေမယ်….အဖြူရောင်အမှုန့်နဲ့တူပြီး ဈေးလည်းကြီးနေမယ်ဆိုရင် အဲဒါတွေက ကလေးငယ်အတွက်ကောင်းတယ်လို့မထင်လိုက်ပါနဲ့….

မိခင်နို့နှင့် နို့မှုန့် (Formula Milk) က ဘာတွေကွာခြားသလဲ

မေမေ့နို့ရည်ကတော့ဘာနဲ့မှ နှိုုင်းယှဉ်လို့မရတာ အသေအချာပါပဲ… မေမေ့ခန္တာကိုယ်ကနေရင်သွေးလေး အတွက် ထုတ်လုပ်ပေးတဲ့နို့ကို ဘယ်အရာကမှ အတုအပ မလုပ်နိုင်ပါဘူး…. မေမေနို့ရည်မှာ ပါဝင်နေတဲ့အမျိုးအမည်ပေါင်း ၁၀၀၀၀၀ ကျော်ရှိပါတယ်… အဲဒါတွေအားလုံးက ကလေးရဲ့ခန္ဓာကိုယ်နဲ့ဦးနှောက်ကို ကောင်းကောင်း ကြီးထွားဖွံ့ဖြိုးစေဖို့၊ ကလေးငယ်ဘဝ/လူကြီးဘဝတလျောက်မှာ အကောင်းဆုံးကိုယ်ခံစွမ်းအား ရှိစေဖို့၊ လူကြီးဘဝမှာလည်း ကျန်းမာစေဖို့သေချာစေရန် အတူတကွလုပ်ဆောင်ပေးပါတယ်… မိခင်နို့တစ်စက်မှာ ကလးငယ်တွေကို ရောဂါပိုးတွေက ကာကွယ်ပေးဖို့ သွေးဖြူဥ၁,၀၀၀,၀၀၀ ပါရှိတယ်…… ဒါတွေကို ပုံတူကူး ထုတ်လုပ်လို့မရပါဘူး…. ဘယ်အမှတ်အသားနှင့်ဘယ်အမှတ်တံဆိပ်ကမှ မိခင်နို့ရဲ့ တုနှိုင်းမမီတဲ့ စံ ကို မယှဉ်ပြိုင် နိုင်ပါဘူးလို့ပဲ ပြောချင်ပါတယ်….

သက်ရှိဆဲလ်နဲ့ သက်မဲ့ ဆဲလ်များ

မိခင်နို့က အသက်ရှိတယ်လို့ပြောလို့ရတဲ့ရှင်သန်လှုပ်ရှားနေတဲ့ ဆဲလ်အရှင်တွေနဲ့စုဖွဲ့ထားတယ်… ရင်သွေးငယ်ကို ဘက်တီးရီးယားပိုးတွေတိုက်ခိုက်ခြင်းကနေကာကွယ်ဖို့ ဘက်တီးရီးယားကိုသတ်နိုင်တဲ့ သက်ရှိဆဲလ်တွေ အများကြီးပါပါတယ်… ပြောရင် မိခင်နို့အစက်တိုင်းမှာ အသက်ဓါတ်တွေပါနေပါတယ်…

နို့မှုန့်တွေမှာတော့သက်မဲ့ဆဲလ်တွေပဲပါပြီးတော့ ကလေးငယ်ရဲ့ ကျန်းမာရေးနဲ့ ခုခံအားစံနစ်ကို အကာအကွယ်ပေးနိုင်ဖို့ဒီလိုအဖိုးတန်တဲ့အရာတွေ မပါလာပါဘူး….

အသားဓါတ်ကိုချေဖျက်နိုင်ခြင်း

မိခင်နို့ထဲမှာပါတဲ့အသားဓါတ် (ပရိုတိန်းဓါတ်) က အလွယ်တကူ ချေဖျက်လို့ရတယ်… မိခင်နို့ထဲမှာပါတဲ့ဝှီ (Whey) အသားဓါတ်ကို ကလေးရဲ့ အစာခြေစနစ်က လွယ်လွယ်ကူကူ စုတ်ယူနိုင်ပါတယ်… ကလေးတစ်ယောက် ကြီးထွားနိုင်ဖို့ အသားဓါတ်အမျိုးအမည်ပေါင်း ၄၀၀ ကျော်လိုအပ်ပါတယ်… မိခင်နို့က ကလေးကို အိပ်ပျော်စားဝင်စေတယ်….

နို့မှုန့်တွေမှာတော့ စတင်ဖန်တီး စဉ်ကတည်းက နွားတို့၊ ဆိတ်တို့ကရတဲ့တိရိစ္ဆာနို့တွေနဲ့ ပြုလုပ်ထားတော့ အလွယ်တကူ ချေဖျက်ဖို့ မဖြစ်နိုင်ပါဘူး…

ကစီဓါတ်

မိခင်နို့ထဲမှာပါတဲ့ကစီဓါတ် (လက်တို့စ်နို့သကြားဓါတ်) က ရင်သွေးငယ်တွေ ဦးနှောက်ဖွံ့ဖြိုးဖို့နဲ့ အစာတွေကြေညက်စေဖို့ လိုအပ်တဲ့ အစာပါဘဲ…. အန္တရာယ် ပေးနိုင်တဲ့ ဘက်တီးရီးယားတွေ ဖမ်းချုပ်ထိန်းထားနိုင်တဲ့ရာနဲ့ချီတဲ့အိုလီဂိုဆက်ခရိုက် (Oligosaccharides) လို့ခေါ်တဲ့ ကစီဓါတ်တွေ မိခင်နို့ထဲမှာ အများစုပါဝင်နေတာ တွေ့ရတယ်….

နို့မှုန့်တွေမှာတော့ ပြောင်း/ ဂျုံကနေ ဖန်တီးပြုလုပ်ထားတဲ့ မယ်တိုဒက်ထရင် (maltodextrin) ပါဝင်ပြီး အဲဒီလိုနည်းပညာနဲ့ ပြုပြင်ထားတဲ့ ကစီဓါတ်တွေမှာ အိုလီဂိုဆက်ခရိုက် (Oligosaccharides) က စျေးပေါတဲ့အပြင် ထိရောက်တဲ့ အာနိသင်တွေ မပါဝင်နေပါဘူး….

အဆီဓါတ်

မိခင်နို့ထဲမှာ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အိုမီဂါသရီး (Omega-3) ပေါများစွာပါဝင်နေသလို အခြားဖက်တီးအက်ဆစ်တွေဖြစ်တဲ့(DHA/ARA) တို့လည်း ပါဝင်နေပါတယ်…. အဲဒါတွေက အလွယ်တကူကျေညက်စေပြီး စုတ်ယူမှု အားကောင်း တဲ့အတွက် ကလေးက ကိုယ်အလေးချိန်တက်လာစေပါတယ်… မိခင်နို့ထဲမှာပါတဲ့ ကိုလက်စထေရော (Cholesterol) ကလည်း ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အရေးကြီးပါတယ်…. မိခင်နို့ထဲမှာပါတဲ့ လိုက်ပေးစ့် (Lipase) လို့ခေါ်တဲ့ဓါတ်တစ်မျိုးကလည်း ပိုကောင်းတဲ့ အစာချေဖျက်မှုတွေနဲ့ အာဟာရဓါတ် စုတ်ယူမှုတွေကို ဖြစ်ပေါ်စေပါတယ်…

နို့မှုန့်တွေမှာပါတဲ့ ဖက်တီး အက်ဆစ် တွေဖြစ်တဲ့ (DHA/ARA) တို့ကတော့ လူကဖန်တီးပြုလုပ်ထားတာဖြစ်ပြီးရေညှိနဲ့ မှိုတွေကနေ ထုတ်လုပ်ထား တာဖြစ်ပါတယ်…. အဲဒီ ဖက်တီးအက်ဆစ်တွေဖြစ်တဲ့ (DHA/ARA) တို့က ထိရောက်မှု ရှိတယ်ဆိုတာကို သက်သေပြသနိုင်ဘို့ သုတေသနလုပ်ငန်းတွေပိုမိုလိုအပ်နေပါသေးတယ်… နို့မှုန့်တွေမှာ ထန်းပင်၊ အုန်းပင်တွေ ကရတဲ့အဆီတွေနဲ့ ချက်လုပ်ထားလို့ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်… ကျန်းမာရေးအပေါ်သက်ရောက်မှုတွေကို ထိခိုက်နစ်နာမှုတွေကို ကာလရှည်ကြာစွာ လေ့လာဆန်းစစ်မှု လုပ်မထားဘဲနဲ့ အဆင့်ဆင့် ဖန်တီးပြုပြင်ထားတဲ့ဆီတွေကို နို့မှုန့်တွေမှာ အသုံးပြုနေပါတယ်…. အဲဒီပါဝင်တဲ့ ပစ္စည်းတွေက အစာကြေချက်ဖို့ ခက်ခဲသလို ချေဖျက်ဖို့ ကူညီတဲ့လိုက်ပေးစ့် (Lipase) လို့ခေါ်တဲ့ဓါတ်တစ်မျိုးကလည်း ပါမနေပြန်ပါဘူး… ကလေးလိုအပ်တဲ့ ကိုလက်စထေရောဓါတ် (Cholesterol) ကလည်းမပါဝင်နေပါဘူး…

ဗီတာမင် နှင့် သတ္တုဓါတ်များ

မိခင်နို့ထဲမှာပါတဲ့သံဓါတ်၊ သွပ်ဓါတ်၊ ထုံးဓါတ် (Calcium) စတဲ့ သတ္တုဓါတ်တွေကကလေးငယ်ရဲ့ အစာအာဟာရ စုတ်ယူမှုတွေကို ပိုမိုကောင်းမွန်စေပါတယ်… သံဓါတ်စုတ်ယူမှုဟာဆိုရင် ၅၀% အထိ ရှိပါတယ်… ဒါ့အပြင် မိခင်နို့ထဲမှာခန္ဓာကိုယ်ပျက်ဆီးယိုယွင်းမှုတွေကို ကာကွယ်ပေးဖို့ရာ ဓါတ်တိုးဆန်ကျင်တဲ့ အင်ဇိုင်း (antioxidant enzymes) ထုတ်လုပ်ဖို့လိုအပ်တဲ့ဆယ်လ်နီယမ်လို့ခေါ်တဲ့ သတ္တုဓါတ်တစ်မျိုးကလည်း ပါဝင်နေပါသေးတယ်…

နို့မှုန့်တွေမှာပါနေတဲ့ဗီတာမင် နဲ့ သတ္တုဓါတ်တွေကတော့ ပြုလုပ်ဖန်တီးထားတာဖြစ်ပြီး ကလေးငယ်ရဲ့ အစာအာဟာရ စုတ်ယူမှုတွေကိုအားမကောင်းစေပါဘူး…. နို့မှုန့်တွေမှာ သံဓါတ်၊ သွပ်ဓါတ်ပမာဏများများ ပါဝင် နေပေမယ့် ကလေးက ၅ % မှ ၁၀ % ထိပဲ စုတ်ယူနိုင်တာတွေ့ရတယ်… အဲဒါကြောင့် မစုတ်ယူနိုင်ပဲ ပိုလျှံနေတဲ့ သံဓါတ်တွေကကလေးရဲ့ အူလမ်းကြောင်း အတွင်းမှာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပေါက်ဖွားမှုတွေကို အားပေးစေနိုင်ပါတယ်… ဒီနေရာမှာ သတိချပ်ရမှာက အချို့အာဟာရဓါတ်တွေက ပမာဏများများပါတယ်ပြောရုံနဲ့တင်‌ ကျေနပ်နေလို့မရပဲ အဲ့ဒီအာဟာရဓါတ်တွေကို ကလေးက တကယ်ကော အသုံးချနိုင်ရဲ့လား…ပိုနေရင် အန္တရာယ်ရှိမှာလားဆိုတာတွေကို သတိပြုရပါမယ်… ဒါ့အပြင် နို့မှုန့်ထဲမှာ ဆယ်လ်နီယမ်လို့ခေါ်တဲ့ ဓါတ်ကလည်း နည်းနည်းပဲ ပါနေပါတယ်…

ဟော်မုန်း နှင့် အင်ဇိုင်းများ

မိခင်နို့ထဲမှာကအင်ဇိုင်းတွေပါပြီးတော့ အဲဒီ အင်ဇိုင်းတွေက အစာအာဟာရ စုတ်ယူမှုတွေ၊ ချေဖျက်မှုတွေနဲ့ အာဟာရတွေကို ကလေးအနေနဲ့ ကောင်းဆုံးအသုံးပြုနိုင်စေပါတယ်…အင်ဇိုင်းတွေကအသားဓါတ်တွေ၊ အဆီဓါတ်တွေ နဲ့ ကစီဓါတ်တွေကို ချေဖျက်ဖို့ရာ မရှိမဖြစ်လိုအပ်ပါတယ်… မိခင်နို့ထဲမှာ ပါဝင်နေတဲ့ ဟော်မုန်းတွေကတော့ ကလေးငယ်ရဲ့ခန္ဓာကိုယ် ကြီးထွားဖို့၊ လုပ်ဆောင်ချက်တွေ လုပ်နိုင်ဖို့၊ ကောင်းကောင်းအိပ်စက်နိုင်ဖို့၊ ခံတွင်းလိုက်စေဖို့ စတာတွေကိုထိန်းညှိပေးဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်…

နို့မှုန့်တွေထဲမှာတော့အထက်ကပြောခဲ့တဲ့ အင်ဇိုင်း နဲ့ ဟော်မုန်းတွေ ဘာဆိုဘာမှ ပါမနေပါဘူး… ဒါကြောင့်မို့ ကလေးငယ်တွေအတွက် အစာအာဟာရ စုတ်ယူမှုနဲ့ ချေဖျက်နိုင်မှုကိစ္စရပ်တွေမှာခက်ခဲမှုတွေရှိလာပါတယ်… နို့မှုန့်တွေထဲမှာ ဟော်မုန်းတွေမပါဝင်ခြင်းက ကလေးငယ်တွေရဲ့ ဇီဝတွင်းဖြစ်ပျက်မှုယန္တရားကို ထိခိုက် စေနိုင်ပါတယ်… အကျိုးဆက်အနေနဲ့တော့ ဆီးချိုလိုဝေဒနာ မျိုးတွေဖြစ်ပေါ်လာစေပါတယ်…

ရောဂါကာကွယ်ပေးနိုင်တဲ့အရာများ

မိခင်နို့ထဲမှာ ဘက်တီးရီးယားဆန့်ကျင်တဲ့အရာတွေ၊ ဗိုင်းရပ်တုံ့ပြန်တဲ့အရာတွေ၊ ကပ်ပါးတုံ့ပြန်တဲ့ အရာတွေ၊ မှိုစွဲတာ၊ ရောင်ယမ်းတာ၊ဓါတ်တိုးတာတွေကို ဆန့်ကျင်ပေးတဲ့အရာတွေအပြင် ကင်ဆာရောဂါကိုပါ ကာကွယ် ပေးတဲ့ ဟမ်းမလက် (HAMLET Cells) လို့ခေါ်တဲဆဲလ်တွေပါ ပါဝင်နေတာကို တွေ့ရှိရပါတယ်… နို့မှုန့်တွေထဲမှာတော့အဲဒီလို အကာအကွယ်တွေဘာဆိုဘာမှ ပါမနေပါဘူး… ဒါကြောင့် နို့မှုန့်သောက်ရတဲ့ ကလေးငယ်က ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်ပိုး၊ ကပ်ပါးနဲ့ မှိုစွဲတာတွေကို ပိုပြီး ခံစားရနိုင်ပါတယ်… ကင်ဆာရောဂါကိုပါ ကာကွယ်ပေးတဲ့ဆဲလ်တွေလည်း ပါမနေပါဘူး…

ပရိုဘိုင်အိုးတစ် နဲ့ ပရီဘိုင်အိုးတစ် (Probiotics and Prebiotics)

မိခင်နို့ထဲမှာ ပရီဘိုင်အိုးတစ် (Prebiotics) လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါဝင်နေပြီး သူက ပရိုဘိုင်အိုးတစ်(Probiotics) လို့ခေါ်တဲ့ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကို အားပေးပါတယ်… အဲဒီပရိုဘိုင်အိုးတစ် (Probiotics) တွေက ကလေးငယ်တွေအတွက် အားကောင်း သန်မာတဲ့ အစာအိမ်အူလမ်းကြောင်းကိုဖြစ်ပေါ်စေသလို ရောဂါတွေကိုခုခံကာကွယ်နိုင်တဲ့စံနစ်ကိုလည်း ဖြစ်ပေါ်စေပါတယ်…

နို့မှုန့်တွေထဲမှာတော့ပရိုဘိုင်အိုးတစ် (Probiotics) နဲ့ ပရီဘိုင်အိုးတစ် (Prebiotics) တွေကဖန်တီးပြုလုပ်ထားရတာဖြစ်လို့ နည်းနည်းပဲ ပါဝင်ပါတယ်…. ဖန်တီးပြုလုပ်ထားပြီး နို့မှုန့်ထဲမှာပါနေတဲ့ ပရိုဘိုင်အိုးတစ် (Probiotics) နဲ့ ပရီဘိုင်အိုးတစ် (Prebiotics)တွေက တကယ်ပဲထိရောက်မှု ရှိတယ်ဆိုတာကို သက်သေပြသနိုင်ဘို့ သုတေသနလုပ်ငန်းတွေ ပိုမိုလိုအပ်နေပါသေးတယ်…

အခြားပါဝင်နေသော အရာများ

မိခင်နို့ထဲမှာ ပါဝင်နေတဲ့ပါဝင်ပစ္စည်းတွေက အတူတကွ အလုပ်လုပ်ကြပြီး အားကောင်းတဲ့ မိုက်ကရိုဘိုင်အုမ်း (Microbiome) ခေါ်တဲ့ အစာအိမ်အူလမ်းကြောင်းထဲက အကျိုးပြု ဘက်တီးရီးယား အစုအဝေးဖြစ်လာစေပါတယ်…. တကယ့် လူသားအကျိုးပြု စစ်တပ်ကြီးတစ်ခုလိုပေါ့… အဲဒီအရာတွေက ကလေးငယ်ရဲ့တသက်တာလုံးအတွက်အကောင်းဆုံး ရောဂါခုခံကာကွယ်စနစ်ကို ဖြစ်လာစေပါတယ်… နို့မှုန့်တွေထဲမှာတော့ ဖန်တီးပြုလုပ်ထားတဲ့အရောင်အဆင်းတွေ၊ အနံ့တွေ၊ စွဲလမ်းစေတဲ့ အရာတွေ၊ ကြာရှည်ခံအောင်လုပ်ထားတဲ့ ပစ္စည်းတွေ၊ ထုတ်ပိုးပြင်ဆင်တုန်းကဘက်တီးရီးယားပိုးမွှားတွေနဲ့ ထိတွေ့ခဲ့တာမျိုးတွေ အမျိုးမျိုးအဖုံဖုံ ဖြစ်နိုင်ပါတယ်… အဲဒီအနေအထားတွေက ကလေးငယ်တွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက် နေပါတယ်.. ကလေးငယ်တွေရဲ့ ဘဝ အစောဆုံးကာလတွေမှာ ဖန်တီး ပြုလုပ်ထားတဲ့ အစားအစာ (Processed Food) တွေနဲ့ထိတွေ့ခြင်းကို တတ်နိုင်သမျှနည်းအောင်ကြိုးစားရပါ… ဒါမှသာ ဖေဖေ မေမေတို့ သားသား မီးမီးတွေရဲ့ အနာဂတ်က ကျန်းမာလန်းဖြာပြီး ရောဂါတွေကနေ ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်….

မိခင်နို့တိုက်ချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မတိုက်နိုင်တဲ့ မိဘမျိုးတွေအတွက် မိခင်နို့ရဲ့ ကောင်းကျိုးတွေနဲ့ နို့မှုန့်ရဲ့ အားနည်းချက်တွေကို သိရတိုင်း ကိုယ့်ကိုယ်ကို အပြစ်ရှိသလိုမျိုးခံစားရတတ်ပါတယ်… မိဘတိုင်းက ကိုယ့်ရင်သွေးကို အကောင်းဆုံးတွေပဲဖြစ်စေချင်တာ ဓမ္မတာပါ… ကိုယ်ဘာပဲ တိုက်ကျွေးခဲ့ တိုက်ကျွေးခဲ့ ကိုယ့်ကလေးအတွက် ကိုယ်အတက်နိုင်ဆုံးကြိုးစားခဲ့တာမို့ စိတ်မကောင်းမဖြစ်ဖို့ စာနာနားလည်စွာနဲ့ အားပေးတိုက်တွန်းလိုပါတယ်…

မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကို အကောင်းဆုံးဆိုတာကိုပဲ ပေးချင်ကြပါတယ်။ ဒါပေမယ့်ကလေးတို့အတွက် အကောင်းဆုံးဖြစ်တဲ့ မိခင်နို့ကိုပေးချင်ပေမယ် တစ်ခါတစ်ရံမှာ အခက်အခဲတွေကိုကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့်မို့ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့ အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့ မေ့မေ့ချိုချိုဆိုတဲ့Group လေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါမေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • အသက် ၆လထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်း

    ဖေဖေ မေမေတို့ရေ။ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းဆိုတာ ကလေးက မိခင်နို့တစ်မျိုးတည်း ရရှိသောက်သုံးတာကို ဆိုလိုပါတယ်။ တခြား အရည်တွေ တခြားအစားအစာတွေ မပါပါဘူး။ ရေတောင် မပါရပါဘူး။ ဒါပေမယ့် လိုအပ်လို့ကျန်းမာရေးဝန်ထမ်းက ညွှန်ကြားထားတဲ့အခါ ဓာတ်ဆားရည်၊ အားဆေးနဲ့ တခြားဆေးရည်တွေတော့တိုက်လို့ရပါတယ်။ မိခင်နို့ဟာ ကလေးတွေအတွက် ပထမဆုံး (၆) လ အတွင်းမှာ လိုအပ်တဲ့ ရေနဲ့အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ မိခင်နို့မှာ ရေဓာတ် ၈၀ ရာခိုင်နှုန်းအထက် ပါဝင်ပါတယ်။ မိခင်နို့တစ်ကြိမ်တိုက်ကျွေးတိုင်း အစောပိုင်း ထွက်လာတဲ့ နို့ရည်မှာ ရေဓာတ်များစွာပါဝင်ပါတယ်။ ဒါကြောင့် ကလေးတွေ ရေဆာမှာပဲလို့ မေမေတို့ထင်ရင် ကလေးကိုနို့သာတိုက်လိုက်ပါနော်။ ကလေးတွေ ရေဆာပြေတဲ့အပြင် ရောဂါကာကွယ်နိုင်စွမ်း လည်းတိုးလာမယ်။ ကလေးကြီးထွားဖို့လည်း အထောက်အကူဖြစ်စေပါတယ်။ ကလေးတွေဟာ ပထမ (၆) လ မှာ ‌ရေသောက်ဖို့မလိုအပ်ပါဘူး။…

  • အသက် ၁ မှ ၂ နှစ် ကြား ( ၁၂ လ မှ ၂၃ လ) ကလေးများကို အစာကျွေးနည်း

    အသက် ၁ မှ ၂ နှစ် ကြား ( ၁၂ လ မှ ၂၃ လ) ကလေးများကို အစာကျွေးနည်း အခုဆိုရင် ဖေဖေမေမေတို့ရဲ့ ကလေးက မတ်တပ်သွားနိုင်တဲ့ကလေး တစ်ယောက်ဖြစ်လာပါပြီ။ ကလေးက သူ့ရဲ့ ပတ်ဝန်းကျင်အကြောင်းကို နေ့စဉ်လေ့လာသင်ယူနေပါပြီ။ တစ်ချိန်တည်းမှာပဲ ကလေးက တွားသွားတဲ့ အဆင့်မှသည် လမ်းလျှောက်နိုင်သည်အထိ တိုးတက်လာပြီး အမြဲတစေလှုပ်ရှား ‌‌ဆော့ကစားနေပြီ ဖြစ်ပါတယ်။ အသက် တစ်နှစ်နဲ့ နှစ်နှစ်ကြားမှာ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များအနေနဲ့ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်း တို့ကို ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ တစ်နှစ်မှ နှစ်နှစ်အကြားကလေးငယ်များဟာ အစားအစာအကြောင်းနှင့် သူတို့ကိုယ်တိုင် အစာကို ဘယ်လိုစားမလဲဆိုတာ ပိုမိုလေ့လာသင်ယူနေကြပြီ ဖြစ်ပါတယ်။ လူကြီးများ အနေဖြင့် ကလေးငယ်များကို အားပေး ကူညီပေးရန်…

  • ကလေးတွေကို ဘယ်လိုအရည်တွေ အချိုရည်တွေ တိုက်လို့ရလဲ​

    အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ဒီအကြောင်းလေး ရေးမယ်ရေးမယ်နဲ့ လက်စမသတ်ဖြစ်တာ အတော်ကို ကြာပါပြီ။ ဒီနေ့ Facebook Group တစ်ခုထဲမှာ ငြင်းနေကြတာလေး တွေ့တာရယ်၊ Parenting Group တွေထဲမှာ မကြာခဏတွေ့နေရတဲ့ မေမေတွေရဲ့ မေးခွန်းတစ်ခုရယ်ကြောင့် ဒီအကြောင်းအရာလေးကို ကြိုးစားပြီး လက်စသတ်လိုက်ပါပြီ။ အကြောင်းအရာကတော့ #ကလေးတွေကို_ဘယ်လိုအရည်၊အချိုရည်မျိုး_တိုက်လို့ရလဲဆိုတာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီမေးခွန်းကို အဖြေပေးနိုင်မယ့် Consensus Report တစ်ခုကို ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၀၁၉) ခုနှစ်ထဲတုန်းက ပညာရှင်တွေက ထုတ်ပြန်ပေးခဲ့ပါတယ်။ အောက်ပါ အကြောင်းအရာတွေက အဲဒီ Consensus Report ကို အခြေခံပြီး မျှဝေလိုက်တာဖြစ်ပါတယ်။ ဒီ Consensus Report ကိုတော့ the Academy of Nutrition and Dietetics, the American Academy of Pediatric Dentistry, the American Academy of…

  • |

     နို့တိုက်နေစဉ်မှာတစ်နေ့အစားဘယ်နှကြိမ်စားရမလဲ

    မေမေတို့ရင်သားတွေက တစ်နေ့မှာ ၂၄ နာရီ မိခင်နို့ထွက်နေတာပါ။ကလေးအတွက် လုံလောက်တဲ့အာဟာရတွေရဖို့ မေမေတို့လည်း အာဟာရ လုံလုံလောက်လောက် စားရပါမယ်။ဒါကြောင့် တနေ့ကို အစားအစာ ၃ ကြိမ်နဲ့ သွားရေစာချိန် ၂ ကြိမ်တော့ စားသင့်ပါတယ်။ မေမေအများစုက မကြာခဏအစာစားတာ ပိုကောင်းပြီးတော့တစ်ကြိမ်နဲ့ တစ်မ်ကြား ကြာကြာ မခြားချင်ဘူးလို့ပြောကြတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member ဝင်ဖို့ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho 

  • မိခင်နို့ကို မွေးပြီး (၁) နာရီအတွင်း ဘယ်လိုတိုက်ကျွေးမလဲ

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အခြားနိုင်ငံတစ်ကာအဖွဲ့အစည်းတွေအားလုံးက မိခင်နို့ကို ကလေးမွေးပြီးပြီးချင်း စောနိုင်သမျှ စောစော (တစ်နာရီအတွင်း) တိုက်ကျွေးဖို့ အားပေးတိုက်တွန်းထားပါတယ်။ ဒီလိုလုပ်ဆောင်နိုင်အောင် ဘာတွေလုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေကို ဒီဗွီဒီယိုလေးမှာ လေ့လာနိုင်ပါတယ်။  Video Credit: Global Health Media Project and Save the Children မိခင်နို့တိုက်ကျွေးတာနဲ့ပါတ်သက်လို့ အခက်အခဲရှိရင် Healthy and Happy Families ကိုဆက်သွယ် အကူအညီတောင်းနိုင်ပါတယ်။ Healthy and Happy Families ရဲ့ Facebook မှာလည်း ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အကြောင်းအရာတွေကို အခြား မိခင်များနဲ့ အတူတကွ ဆွေးနွေးမျှဝေနိုင်ဖို့ မေမေ့ချိုချို Facebook Group ကိုလည်း Join လုပ်ထားဖို့…

  • နို့ငုံမှုကောင်းစေခြင်း

    မိခင်နို့တိုက်ကျွေးရာမှာ အခက်အခဲတွေမရှိစေဖို့ ကလေးတွေကို နို့ငုံမှုကောင်းကောင်းနဲ့ နို့တိုက်ကျွေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီဗွီဒီယိုလေးက မေမေတွေအတွက် မိခင်နို့ကိုအောင်မြင်စွာ တိုက်ကျွေးနိုင်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ Video Credit: Global Health Media Project and Save the Children မိခင်နို့တိုက်ကျွေးတာနဲ့ပါတ်သက်လို့ အခက်အခဲရှိရင် Healthy and Happy Families ကိုဆက်သွယ် အကူအညီတောင်းနိုင်ပါတယ်။ Healthy and Happy Families ရဲ့ Facebook မှာလည်း ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။ Healthy and Happy Families ကိုဆက်သွယ်ချင်ရင် ဖုန်းနံပါတ်က ၀၉၄၀၇၈၃၉၀၅၀ ပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *