fbpx

ကလေးတွေကို ဘယ်လိုအရည်တွေ အချိုရည်တွေ တိုက်လို့ရလဲ​

အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ဒီအကြောင်းလေး ရေးမယ်ရေးမယ်နဲ့ လက်စမသတ်ဖြစ်တာ အတော်ကို ကြာပါပြီ။ ဒီနေ့ Facebook Group တစ်ခုထဲမှာ ငြင်းနေကြတာလေး တွေ့တာရယ်၊ Parenting Group တွေထဲမှာ မကြာခဏတွေ့နေရတဲ့ မေမေတွေရဲ့ မေးခွန်းတစ်ခုရယ်ကြောင့် ဒီအကြောင်းအရာလေးကို ကြိုးစားပြီး လက်စသတ်လိုက်ပါပြီ။

အကြောင်းအရာကတော့ #ကလေးတွေကို_ဘယ်လိုအရည်၊အချိုရည်မျိုး_တိုက်လို့ရလဲဆိုတာပါ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီမေးခွန်းကို အဖြေပေးနိုင်မယ့် Consensus Report တစ်ခုကို ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၀၁၉) ခုနှစ်ထဲတုန်းက ပညာရှင်တွေက ထုတ်ပြန်ပေးခဲ့ပါတယ်။ အောက်ပါ အကြောင်းအရာတွေက အဲဒီ Consensus Report ကို အခြေခံပြီး မျှဝေလိုက်တာဖြစ်ပါတယ်။

ဒီ Consensus Report ကိုတော့ the Academy of Nutrition and Dietetics, the American Academy of Pediatric Dentistry, the American Academy of Pediatrics, and the American Heart Association ဆိုတဲ့ အဖွဲ့ကြီး (၄) ဖွဲ့က ထောက်ခံသဘောတူထားပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်က သိပ်ကိုကျေးဇူးတင်ဖို့ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဖေဖေ၊ မေမေတွေအတွက် သိပ်အများကြီးမှတ်စရာ မလိုလို့ပါ။ ကိုယ်တိုင်လည်း ကလေးအဖေဆိုတော့ အများကြီးမှတ်ရတာမကြိုက်ဘူးလေ။

#တိုက်လို့ရတဲ့အရည်တွေ

ကလေးတွေကိုတိုက်ရလို့ရတဲ့ အရည်တွေအမျိုးအစားတွေက လက် (၅) ချောင်းမပြည့်ပါဘူး။ မှန်ပါတယ်။ နံပါတ် (၁) ကတော့ မိခင်နို့ပါ။ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ဖို့လိုပါတယ်။

နံပါတ် (၂) ကတော့ သန့်ရှင်းတဲ့ သောက်ရေပါ။ ရေကိုတော့ အသက် (၆) လ ပြည့်တာနဲ့ တိုက်နိုင်ပါပြီ။

နံပါတ် (၃) ကတော့ နွားနို့ပါ။ နွားနို့ကိုတော့ ကလေးအသက် (၁) နှစ်ပြည့်တာနဲ့ တိုက်လို့ရပါပြီတဲ့ဗျာ။

#မတိုက်သင့်တဲ့အရည်တွေ

သကြား သို့မဟုတ် အချိုပါတဲ့ မည့်သည့်အရည်ကိုမှ အသက် (၅) နှစ်အောက်ကလေးတွေ လုံး၀ မတိုက်သင့်ပါဘူးတဲ့။ မတိုက်သင့်တဲ့အရာတွေထဲမှာ အချိုပါတဲ့ နွားနို့ (Sweetened Milk)၊ ကလေးတွေအတွက် ဆိုပြီးထုတ်ထားတဲ့ Baby Tea လိုဟာမျိုးတွေ၊ အချိုရည်တွေ၊ Malt Milk တို့ Oat Milk တို့လို အနှံ (cereal) ကနေလုပ်ထားတယ်ဆိုတဲ့ အရည်တွေ ပါပါတယ်။ လက်ဖက်ရည်၊ ကော်ဖီတွေလည်း မတိုက်ရပါဘူး။ ဒါ့အပြင် Toddler Milk လို့ခေါ်တဲ့ ဖော်မြူလာတွေလည်း မတိုက်သင့်ပါဘူးတဲ့ဗျာ။

ဒါဆိုတိုက်လို့ရတဲ့ အရည်တွေကိုရော တစ်နေ့ကို ဘယ်လောက်ပမာဏတိုက်လို့ရလဲ မေးစရာရှိပါတယ်။ ပုံမှာ ဇယားလေးနဲ့ ဖော်ပြထားပါတယ်။ မိခင်နို့မတိုက်ပဲ ဖော်မြူလာပဲတိုက်တဲ့ ကလေးတွေဆိုရင်တော့ အသက် (၁) နှစ်ပြည့်ရင် ဖော်မြူလာကို ဖြတ်ပြီး နွားနို့တိုက်ရမှာဖြစ်ပါတယ်။ နွားနို့နဲ့အဆင်မပြေဘူးဆိုရင်တော့ အချိုမပါတဲ့ ပဲနို့ (Unsweetened Soymilk) ကို ရွေးချယ်နိုင်ပါတယ်။ အသက် (၁) နှစ်နဲ့ (၂) နှစ်ကြား ကလေးတွေကိုတော့ Full Cream/ Whole Milk မလိုင်ပြည့် နို့ကို တိုက်ရမှာ ဖြစ်ပြီး၊ (၂) အထက်ကလေးတွေကိုတော့ အဆီလျှော့ထားတဲ့ နို့ကို တိုက်ရမှာဖြစ်ပါတယ်။ This is what scientific evidences tell us ဒါဟာ သိပ္ပံအထောက်အထားတွေ့ရှိချက်ပါ။ Healthy and Happy Families ရဲ့ မူကိုက သိပ္ပံအထောက်အထားခိုင်လုံတဲ့ အကြောင်းအရာတွေကိုပဲ မျှဝေဖို့ဖြစ်ပါတယ်။

ကလေးတစ်ယောက်ရဲ့ တစ်သက်တာ အရသာကြိုက်နှစ်သက်မှုပုံစံကို သူ့အသက် (၅) နှစ်မတိုင်ခင်မှာ တိုက်ကျွေးခံရတဲ့ အရည်တွေက လွှမ်းမိုးထားပါတယ်။ အခုတွေ့ရှိချက်အတိုင်း လိုက်နာနိုင်ဖို့က မိဘတွေအနေနဲ့ မလွယ်ကူနိုင်မှန်း ကိုယ်တိုင်မိဘဖြစ်တဲ့အတွက် နားလည်နိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ စားသောက်ကုန် ကုမ္မဏီတွေ၊ သူတို့ရဲ့ သိပ်ကိုပါးနပ်လွန်းတဲ့ ကြော်ငြာတွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ရွေးချယ်မှုတွေကို အရမ်းကိုလွှမ်းမိုးထားလို့ပါပဲ။ ကိုယ်တိုင်ပဲ အိမ်က ကလေးတို့ရဲ့ မေမေကို အောင်မြင်အောင် မစည်းရုံးနိုင်တာ ထင်ရှားတဲ့ ကိုယ်တွေ့သက်သေဆိုတာ ရှက်ရှက်နဲ့ ဝန်ခံရမှာပါပဲ။

နောက်ဆုံးနိဂုံးချုပ်အနေနဲ့ မျှဝေချင်တာကတော့ ကျွန်တော့ ဆရာမ ကလေးမိခင်တွေနဲ့ counseling လုပ်တဲ့အခါ အမြဲပြောလို့ မှတ်သားထားရတဲ့စကားလေးပါ။ This is your child. You can decide what you want. Our responsibility is to tell you what we have to tell you. ပါ။ ကိုယ့်ကလေးအတွက် ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရှိပါတယ်။ ကျွန်တော်တို့တာဝန်ကတော့ မျှဝေပေးသင့်တဲ့ မှန်ကန်တဲ့သတင်းအချက်အလက်ကို မျှဝေပေးဖို့ပါ။

ဒါထက်ပိုပြီးဖတ်ချင်တယ်ဆိုရင်တော့ အောက်က Link လေးမှာ သွားပြီး ဖတ်ကြည့်ပါ။

https://healthyeatingresearch.org/…/HER-HealthyBeverage…

မိသားစုအားလုံးကို ပျော်ရွှင်ကျန်းမာစေချင်တဲ့ ဆန္ဒမွန်ဖြင့်

Leave a Reply

Your email address will not be published. Required fields are marked *

You may also like these